ဆိုင်ကယ်မုန်း
ဆိုင်ကယ်မုန်းသော အညာသူ အပိုင်း ၂
အမြင့်ကြောက်သော ငှက်
" ကိုယ့်လူ . .ထ ထ. .ထပါဦး "
နားထဲတိုးဝင်လာသည့်အသံကြောင့် ရဲရင့်သူ မျက်စိဖွင့်ကြည့်လိုက်သည်။ အမြင်အာရုံတွေက ရုတ်တရက်ဝေဝါးနေဆဲ. . ၊ ခေတ္တကြာသောအခါမှ တဖြေးဖြေးကြည်လင်လာပြီး. . ခေါင်းပေါ်တွင် ဦးထုပ်အချွန်ဆောင်းကာ ဇာတ်ဝတ်ဇာတ်စားများဝတ်ဆင်ထားသော ပိန်ညောင်ညောင်လူတစ်ဦးက ၎င်း၏ဘေးမှ ဆောင့်ကြောင့်ထိုင် လာနှိုးနေခြင်းဖြစ်ကြောင်း သိရလေ၏။
ရဲရင့်သူလည်း ကပြာကယီ ထထိုင်လိုက်ကာ မေးခွန်းပါ တဆက်တည်းထုတ်လိုက်လေသည်။
" ခင် ခင်ဗျား ကဘယ်သူလည်း. .. "
" ကျုပ်က ရွာစောင့်နတ်ပေစိလေ. .. "
ရဲရင့်သူ အတော်ပင် စိတ်ညစ်သွား၏။ အရူးဖြစ်ဟန်တူသော ထိုသူအား ဆက်လက်မေးမြန်းမနေလိုတော့။ ထို့ကြောင့် မတ်ထရပ်ပြီး ခရီးဆက်ရန်ဟန်ပြင်လိုက်စဉ် ဆူဆူညံညံအသံများ နားထဲသို့တိုးဝင်လာ၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိပြန်သည်။
လူနာတင်ကားတစ်စီး။ လူများ စုရုံးစုရုံးဖြင့် တစ်စုံတစ်ဦးအား အနှီ လူနာတင်ကားပေါ်တို့ ဝိုင်းတင်နေကြလေ၏။ W 650 ဆိုင်ကယ်လေးမှာလည်း ရှေ့ဖောက်များကျိုးပြီး လမ်းဘေးတွင် လဲကျလျှက်။
" အခြေအနေကောင်းလား. ..
မပြောတတ်သေးဘူး. .ခုထိတော့သတိမလည်ဘူး. .
ဦးထုပ်ဆောင်းထားတော့ ခေါင်းတွေဘာတွေတော့ပွင့်မသွားဘူးနော်
အတွင်းကြေသွားရင်ဘယ်လိုလုပ်လည်း
ဘယ်ကလည်း သိရပြီလား၊ သူ့မိသားစုကိုကော ဆက်သွယ်လို့ရလား
သူ့ဖုန်းထဲက နောက်ဆုံးဆက်ထားတဲ့နံပါတ်ကိုဆက်ကြည့်တော့ ညောင်ဦးက သူ့ဦးလေးတဲ့. .. "
ကြားနေရသည့် အသံဗလံများကြောင့် လူနာတင်ကားပေါ်သို့ အတင်ခံရသည့်သူ မည်သူမည်ဝါဖြစ်ကြောင်း ရဲရင့်သူ လွန်စွာ သိချင်လာမိလေ၏။ ထို့ကြောင့် ထိုနေရာသို့ အပြေးအလွှားသွားကာ တိုးဝှေးကြည့်လိုက်လေသည်။
မြင်ရသည့်မြင်ကွင်းက ရဲရင့်သူအား ကြက်သေသေသွားစေ၏။ သတိလစ်နေသောလူနာမှာ အခြားမဟုတ်ဘဲ ၎င်းကိုယ်တိုင်ဖြစ်နေသည်မဟုတ်ပါလား။ ရဲရင့်သူ အရာရာကိုသဘောပေါက်သွားလေပြီး လူအုပ်ကြားမှ လေးကန်သောခြေလှမ်းများဖြင့် အသာပြန်ထွက်လာခဲ့ လိုက်လေတော့သည်။
" လာပါကွာ. .ငါအရူးမဟုတ်ပါဘူး၊ တကယ့် ရွာစောင့်နတ်ပါကွ "
" ဒါဆို ကျုပ်က သေပြီလား "
ပခုံးကိုလာပုတ်ပြီး တရင်းတနီးစကားဆိုလာသော နတ်ပေစိဆိုသူကို ရဲရင့်သူ မေးခွန်းပြန်ထုတ်လိုက်လေသည်။
" ကိုယ့်လူက မသေလောက်သေးပါဘူး။ ဒီမနက်ပဲ ကုဝေရနတ်မင်းကြီးဆီက အမိန့်စာဝင်လာတယ်။ အထက်နတ်ဘုံမှာ အင်မတန်တန်ခိုးကြီးတဲ့ နတ်မင်းကြီးတစ်ပါးဖြစ်လာမယ့် လောင်းလျာရဲ့ဝိညာဉ် ကျုပ်ဆီကိုခဏရာက်လာမတဲ့လေ၊ အဲ့လိုလာတုန်းလာခိုက်မှာ ကျုပ်က အဲ့ဝိဉာဉ်ကို အစစအရာရာလိုလေသေးမရှိအောင် ပံ့ပိုးကူညီရမယ်ဆိုပဲ။ ဒီအမိန့်စာအရဆိုရင် ကိုယ့်လူက ဝိဉာဉ်ဘဝမှာ ခဏတဖြုတ်ပဲနေပြီး အသက်ပြန်ဆက်ရမယ့်သဘောပေါ့။ "
နတ်ပေစိ စကားက အတော်ပင် ကပြောက်ကခြောက် ဆန်လှပေသည်။ ရဲရင့်သူတစ်ယောက် စိတ်ညစ်သည်များပင်မေ့ပျောက်ကာ ရယ်ချင်ပက်ကျိဖြစ်သွားမိလေ၏။
" ဟဲ ဟဲ. . ဒါဆို ကျုပ်က ခု ခဏသတိလစ်နေတာ တကယ်မသေသေးဘူး။ တကယ်သေမှသာ ခဗျားပြောတဲ့ နတ်မင်းကြီးဖြစ်မှာ. .အဲ့လိုလား "
" အင်းး. . အဲ့လိုတော့ ထင်တာပဲဗျ။ ဘာပဲဖြစ်ဖြစ် ကျုပ်တာဝန်ကတော့ ကိုယ့်လူဒီမှာနေနေသ၍ အစစအရာရာ ဂရုစိုက်ဖို့ပဲ "
" သြော်. .အဲ့လိုလား။ ဟုတ်ပါပြီလေ. . .ဒါနဲ့ . .ကျုပ်ရဲ့ ခန္ဓာကိုယ်ကြီးကို ခုဘယ်ခေါ်သွားကြမှာလည်း "
" ညောင်ဦးဆေးရုံကိုပေါ့ဗျာ။ ဒါမှ သတိပြန်မရရင်တော့ မန္တလေးတင်ကြမှာပေါ့ "
" အေးဗျာ. . .ကျုပ်လည်း တကယ်တော့ လူ့လောကကြီးထဲက ခဏထွက်ပြီး လူတွေနဲ့မပါတ်သက်ဘဲနေချင်နေတာ၊ ခုလို ဝိဉာဉ်ဖြစ်နေရတော့လည်း အေးတာပေါ့ "
ရဲရင့်သူလည်း နတ်ပေစိအား မေးချင်ရာတွေမေးကာ ပြောချင်ရာတွေ ပြောနေမိလေသည်။
ရဲရင့်သူမေးသမျှကို အပြန်အလှန်ပြောဆိုဖြေကြားနေရင်း နတ်ပေစိက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်. .
" ဟာ. . ဟိတ်လူ ကျုပ်တို့ စကားကောင်းနေလို့မဖြစ်သေးဘူး။ ဟိုဒုက္ခသည် သူငယ်မကို ကယ်ပေးပါဦးဗျာ။ မဟုတ်ရင် သူသေပြီး ငရဲကြမလားတောင် မပြောတတ်ဘူး။ ခဗျားကယ်မှဖြစ်မှာ. .သူ့ခမြာ သနားပါတယ်.. "
ဟု ကပြာကယီဆိုကာ နတ်ကွန်းရှိရာ ခရေပင်ဆီသို့ ညွှန်ပြလေ၏။
နတ်ကွန်းရှေ့မြေပြင်တွင် အသက် ဆယ့်ကိုးနှစ်ဆယ်ခန့်ရှိသော မိန်းကလေးတစ်ယောက် ဆံပင်ရှည်ကိုဖားလျားချ၍ ငဖယ်ပျံအောင်လူးလှိမ့်နေရလေသည်။ အဝတ်အစားများလည်း စုတ်ပြဲပြတ်သတ်ထွက်ကာ မမြင့်သင့်မမြင်အပ်သည့် အစိတ်အပိုင်းများပင်လျှင် တစိတ်တဒေသ ပေါ်ထွက်နေကြလေ၏။ တစ်ကိုယ်လုံးလည်း ဖုန်မှုန့်များ၊ မြေကြီးများဖြင့် ပေကြံနေလေသည်။
" သူကဘယ်သူလည်း၊ ဘာလို့ ခုလို လူးပျံနေရတာလည်း၊ ကျုပ်က သူ့ကိုဘယ်လိုကူညီရမှာလည်း. . ပြောပါဦး "
သူမ၏ဖြစ်အင်ကိုကြည့်ကာ ရဲရင့်သူ မနေသာတော့. . . သူမကို ကယ်တင်ဖို့ရန် ၎င်းကပင်စတင်ကာ နတ်ပေစိကို မေးခွန်းထုတ်လိုက်မိလေ၏။ နတ်ပေစိလည်း အနည်းငယ်ပြောရခက်ဟန်ဖြင့် နှာခေါင်းကို အတန်ကြာအောင်ပွတ်သပ်ပြီးမှ ရဲရင့်သူအား အောက်ပါအတိုင်း ရှင်းပြရှာလေသည်။
" ဒီသူငယ်မက မိုးစက်ဝေတဲ့၊ လူ့ဘဝက ဒီခရေပင်ကြီးနဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေတယ်။ တိုတိုပြောရရင် မနက်စောစောထ ခရေပန်းကောက်ရင်း ကိုယ့်လူစီးလာတဲ့ ဆိုင်ကယ်ကြီးမျိုးနဲ့ တိုက်မိပြီး ခု ဒီဘဝကိုရောက်လာတာ။ ဒီဘဝရောက်ပြန်တော့ ဘုရားမှာ နေ့စဉ်ခရေပန်းကပ်ခဲ့တဲ့ကုသိုလ်ကြောင့် အပါယ်လေးပါးကိုလည်း ကျမသွား၊ ဆိုင်ကယ်သမားတွေကိုမကြေနပ်တဲ့ မုန်းငြိုးတွေကြောင့် ကောင်းရာမွန်ရာလည်း စိတ်ဖြောင့်ဖြောင့်မသွားနိုင်ဘဲ ကိုးလို့ကန့်လန့် ဖြစ်နေတော့တာပဲ။
သူက ဆိုင်ကယ်ဘီးကြီးတွေဆို အားကြီးအမြင်ကပ်ပြီး မှောက်အောင်လုပ်တယ်။ စိတ်ရင်းလေးကကောင်းတော့ အသေတော့မသတ်ဘူးပေါ့။ ဒါပေမယ့် သူ့ကြောင့် ဆိုင်ကယ်ဆြာတွေ နဖူးပေါက်ခေါင်းကွဲ ဖြစ်ကြရတာများနေပြီ။ နောက်ဆုံးရွာကနတ်ကွန်းလေးဆောက်ပြီး သူ့ကိုတောင်းပန်လို့ ရွာကိုငဲ့ပြီး သူငြိမ်နေတာ။ ဆိုင်ကယ်သမားတွေကလည်း သူ့ကိုဝင် ဝင်ပြီး ပူဆော်ပသသွားကြတာမို့ ဆိုင်ကယ်သမားတွေအပေါ်မှာ သူစိတ်ပြေစပြုနေပါပြီလေ။
အဲ့ဒီအချိန်မှာ ကိုယ့်ဆြာကီးက သူ့ကို ပူဇော်နေတဲ့ ဆိုင်ကယ်သမားတွေကို လှောင်လိုက်တော့. .. ကိုယ့်ဆြာကို သူအရမ်းစိတ်ဆိုးသွားပြီး ဆိုင်ကယ်မှောက်အောင် လုပ်ထည့်လိုက်တော့တာပဲ။
အဲ့ဒီမှာတင် သူလည်းခုလိုတွေ ထဖြစ်ပါလေကော။ ကျုပ်အထင်တော့ ကုသိုလ်ကံအဟုန်အရမ်းကြီးတဲ့လူကို ဒုက္ခပေးမိလို့မြန်း သူ ခုလိုခံနေရတာလားမသိဘူး။ အဲ့ဒါ့ သူက ကိုယ့်လူကို တောင်းပန်ရှိခိုးပြီး၊ ကိုယ့်လူကခွင့်လွတ်ပေးမယ်ဆိုရင် သူ ခုခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်နိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ် "
နတ်ပေသီး၏ စကားအဆုံးတွင် ရဲရင့်သူ အော်ရယ်ပြစ်လိုက်မိလေသည်။
" ဟား ဟား ဟား ဟား. . ကျလည်းကျတဲ့ နတ်ပေသီးရယ်။ ကျုပ်ကို ဆိုင်ကယ်မှောက်သေအောင်လုပ်တဲ့ဟာကို ကျုပ်က ခွင့်လွှတ်ရမတဲ့လား။ တော်ပါဗျာ. . ဝေးပါသေးတယ်. . ဟား ဟား ဟား ဟား "
ရဲရင့်သူ၏ အဖြေစကားကြောင့် နတ်ပေသီးမှာ မျက်နှာမကောင်းလှဘဲ မိန်းကလေးကို ကယ်တင်ဖို့ရ
န်သာ အထပ်ထပ်တောင်းပန်နေလေတော့၏။
" လုပ်ပါဗျာ.. .တောင်းပန်ပါတယ်။ ကောင်မလေးက စိတ်နဲနဲဆတ်တယ်ထင်ရပေမယ့် တကယ်တမ်းတော့သဘောကောင်းပါတယ်။ သနားလည်း သနားစရာလေးပါဗျာ။ ခွင့်လွှတ်ပေးလိုက်ပါ. . .@@@###$$$%%%**&+++=== "
ကြာသော် ရဲရင့်သူလည်း နတ်ပေသီး၏ နားပူဒဏ်ကိုမခံစားနိုင်တော့ဘဲ
" အေးဗျာ. .အဲ့လောက်တောင်ရှိလှတာ၊ ခဗျားဆြာမလေး ကျုပ်ကို တကယ်ရှိခိုးတောင်းပန်ပါစေဦး။ ဒါဆိုရင် ကျုပ်ခွင့်လွှတ်ပေးမယ် "
ဟု အလွယ်ပြန်ဖြေလိုက်မိလေသည်။ ထိုအခါ နတ်ပေစီလည်း လူးလှိမ့်ခံစားနေရသော မိုးစက်ဝေ ထံသို့အသော့သွားကာ ရဲရင့်သူအား ရှိခိုးကန်တော့တောင်းပန်ရန် နားချလေတော့၏။
" မိုးစက်ဝေ. . ကလေးမ. . ဒီကဆြာလေးကို ရှိခိုးတောင်းပန်လိုက်ပါ။ ဒါမှ မင်းခံစားနေရတာတွေ သက်သာပျောက်ကင်းသွားလိမ့်မယ် "
" ဟင်း ဟင်း. .ဟီး ဟီး. .မ မတောင်းပန်ဘူး၊ မ မတောင်းပန်နိုင်ဘူး၊ ဒီ ဒီ လိုလူမျိုးကို ကျ ကျမက တောင်းပန်စရာလား၊ ဆိုင်ကယ် တ ဝုန်း ဝုန်းနဲ့ လမ်းသရဲကောင်တွေ. . . အသေမလုပ်တာတောင်. . ကျေးဇူး တင်. . ဟင်း ဟားး အားး "
" သြော်. .ခက်ပြီ၊ ဒီကလေးမနဲ့တော့။ ဒီ ပုဂ္ဂိုလ်က အခြားဆိုင်ကယ်သမားတွေနဲ့ မတူဘူးကွယ့်။ သူက သူတော်ကောင်း။ သူဒီကိုရောက်လာမယ်လို့ ကုဝေရနတ်မင်းကြီးကိုယ်တိုင်က ကျုပ်ကို ကြိုအကြောင်းကြားထားရတာ။ သူ့အတွက် ယာမာနတ်ပြည်မှာ ကြိုပေါက်နေတဲ့ နန်းတော်ကြီးက ဟီးရောတဲ့ "
" အိုးး. .ဘယ် ဘယ် လို ပဲဖြစ်ဖြစ်။ ဆိုင်ကယ်သမားတွေအားလုံး ဒီ ဒီ ပုတ်ထဲက ဒီပဲတွေချည်းပဲ. .သူတို့ကြောင့် ကျမမှာ မိဘတွေ မောင်လေးတွေကို မြင်နေပါလျှက်နဲ့ နီးစပ်ခွင့်မရတော့တာ။ မတောင်းပန်ဘူး မတောင်းပန်ဘူး။ သွားပါရှင် ကျ ကျမထိုက်နဲ့ ကျမကံခံပါ့မယ်။ အဲ့ဒီ လူရမ်းကားဆိုင်ကယ်သမားကိုလည်း ကျမနဲ့ဝေးရာကိုခေါ်သွားပါ "
အနီးကပ်မြင်ရတော့မှ ကောင်းမလေးက ညိုစိမ့်စိမ့်ခပ်ချောချော။ နတ်ပေစိက ကြားထဲက ညှိပေးနေသော်လည်း ရဲရင့်သူကို တောင်းပန်ချင်ပုံမပေါ်။ မည်သည့်အဆိုးတရားများနှင့် ကြုံတွေ့ရမည်ဖြစ်စေ သူ့မအပြစ်ကိုသူမခံကာ အမုန်းတွေအငြှိုးတွေကို ရင်ဝယ်ပိုက်ထားမည့်သဘောရှိလေ၏။
ယခု နတ်ပေစိနှင့် တစ်ယောက်တစ်ပြန်စကားဆိုကြရင်းဖြင့်ပင် လူးလှိမ့်နေရသောကြောင့် သူမ၏ ထဘီများပြေ၍ ခါးအောက်အထိလျောကျနေပြီမဟုတ်ပါလား။ သူမကို မြင်ရသည်မှာ အတော်ပင်မသက်မသာရှိလှပေ၏။
ရဲရင့်သူ မနေနိုင်တော့။ နတ်ပေစိကို အသာတွန်းဖယ်၍ သူမနဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး သူမကို ခေါင်းမှပိုက်ကာ အသာပွေ့ထားလိုက်မိလေသည်။ ကျန်လက်တစ်ဖက်ကလည်း သူမ၏နဖူးပေါ်သို့ ကပ်ထားလိုက်လေ၏။
ရဲရင့်သူ လက်ပေါ်ကိုရောက်လျှင်ရောက်ခြင်းပင် ခံစားနေရသည့်ဝေဒနာများ သက်သာသွားဟန်ဖြင့် သူမ ငြိမ်ကြသွားလေသည်။ မကြာသေးခင်ကမှ ရဲရင့်သူအား ဒေါသတကြီး ရန်လုပ်နေသော သူမသည် တကယ်တမ်းဝေဒနာလျော့ပါးသွားသောအခါ တုတ်တုတ်ပင်မလှုပ်နိုင်တော့။ ခံစားခဲ့ရသော ဝေဒနာဒဏ်ကြောင့် မျက်လွှာကိုချကာ ရဲရင့်သူ၏လက်ပေါ်၌ အသက်ကိုသော်မှ အနိုင်နိုင်ရှိုက်ရှူနေရရှာလေ၏။
ရဲရင့်သူလည်း ဘဝအကြောင်းမကောင်းရှာဘဲ အငြိုးအမှတ်ကြီးလှသော သူမအား သေခြာကြည့်ရင်း သနားစိတ်ပေါ်လာလေသည်။ သူမ၏ အဖြစ်ဆိုးအတွက် စိတ်မကောင်းလည်းဖြစ်မိလေ၏။ ထို့ကြောင့် သူမနဖူးလေးကို ခပ်ဖွဖွသပ်ရင်း
" အေးပါကွာ. . မင်းရဲ့ စိတ်ခံစားချက်ကို ငါနားလည်ပါပြီ။ မင်း မတောင်းပန်ပေမယ့် ငါမင်းကိုခွင့်လွှတ်ပါတယ်။ ခုချိန်ကစပြီး ငါနဲ့ပါတ်သက်တဲ့ အကြွေးအပြစ်တွေ မင်းအပေါ်မှာ မရှိပါစေနဲ့တော့။ အားလုံးကြေပါစေတော့ကွာ. . "
ဟု ရည်ရွတ်လိုက်မိလေသည်။ သူမကတော့ ဝေဒနာခံစား မောပမ်းခဲ့ရလွန်းသဖြင့် ရဲရင့်သူ၏လက်ပေါ်၌ အိပ်ပျော်၍ပင်နေလေပြီ။ ရဲရင့်သူလည်း သူမအားဂရုဏာသက်စွာတစ်ချက်ကြည့်လိုက်ရင်း ညင်သာဖြေးညှင်းစွာ မြေပြင်ပေါ်သို့ ချပေးလျှက် လမ်းမဘက်သို့ လှည့်ထွက်ခဲ့လိုက်လေတော့၏။
အမြင့်ကြောက်သော ငှက်
ချော့တော်မျက်ပြေရွာတွင် ရဲရင့်သူသောင်တင်လေပြီ။ နတ်ပေစိတို့လည်း ဧည့်သည်တော် ရဲရင့်သူ နေထိုင်ဖို့အတွက် စဉ်းစားကြရလေတော့၏။ ရွာထဲတွင်ကား အိမ်အသီးသီး၌ ဆိုင်ရာဆိုင်ရာ အောက်ဘုံနတ်များ ပြိတ္တာများဖြင့် စီနီယာပြည့်ပြီးဖြစ်၍ ဆိုင်ကယ်တိုက်သေကာ နတ်မကျ သရဲမကျဖြစ်နေသော မိုးစက်ဝေကိုပင်လျှင် နတ်ပေစိက ခရေပင်ရှိ ၎င်း၏နတ်အိမ်( ဗိမ္မာန် )၌ ခေါ်ထားရသည်မဟုတ်ပါလား။
ယခုလည်း ရွာထဲအိမ်များ၌ ရဲရင့်သူ နေရာမရဖို့မှာ သေခြာသလောက်ပင်။ ထို့အပြင် အထူးဧည့်သည်တော်ဖြစ်သည့် ရဲရင့်သူအား နတ်ပေစိတို့လင်မယားက ရွာအိမ်စုတ်စုတ်များထက် ၎င်းတို့ထံတွင်သာ နေစေလိုဟန်ရှိလေသည်။ မိုးစက်ဝေမှာမူ ရဲရင့်သူကို များစွာ မကြေမချမ်းဖြစ်နေပုံရသော်လည်း နတ်ပေစိတို့မျက်နှာကိုထောက်ကာ တစ်ခွန်းတစ်ပါဒမျှ ဝင်မဟဘဲ သုန်သုန်မှုန်မှုန်နှင့် ငြိမ်သက်နေလေ၏။ နောက်ဆုံး ရဲရင့်သူလည်း နတ်ပေစိတို့ လင်မယား၏အလိုကိုလိုက်လိုသည်ကတစ်ကြောင်း၊ မိုးစက်ဝေအား နီးနီးကပ်ကပ်လေ့လာလိုသည်ကတစ်ကြောင်းကြောင့် နတ်အိမ်၌ပင် ခေတ္တနေထိုင်ဖို့ရန် ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
ချော့တော်မျက်ဖြေရွာရှိ နတ်များ ပြိတ္တာများထဲတွင် နတ်ပေစိမှာ ရာထူးအကြီးဆုံးဖြစ်လေသည်။ သို့သော် ၎င်းနေထိုင်ရသည့်နတ်အိမ်မှာမူ သိပ်မကြီးလှ။ သပ်သပ်ခပ်ခပ်ဖြင့် နေချင်စဖွယ် ခပ်သေးသေးပင်ဖြစ်လေ၏။ ရာဇဝင်ကားများထဲကလို အချွန်အတက်များမပါ။ ဒန်းလော့၊ ဆိုဖာ၊ မွှေယာ စုံလင်လှသည့် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းခပ်သေးသေးတစ်ခန်း တို့သာ ပါရှိကြလေ၏။
တစ်ခုခံသာသည်ကား မိုးစက်ဝေအတွက် ရွာက နတ်ကွန်းဝိုင်းဆောက်ပေးလိုက်ကြသဖြင့် အနှီ နတ်အိမ်နှင့် တွဲလျှက် အခန်းတစ်ခန်းထပ်မံပေါ်ပေါက်လာကာ. . ထိုအခန်းသို့ သူမပြောင်းရွေ့သွားခြင်းဖြစ်လေသည်။ ထို့ကြောင့် အိပ်ခန်းနှစ်ခန်းရှိသည့်အနက် မိုးစက်ဝေထွက်သွားသောအခန်းအား ရဲရင့်သူရရှိ၍၊ ကျန်တစ်ခန်း၌ မကြာသေးမှီကမှ လက်ဆက်ထားသော နတ်ပေစိနှင့် နတ်ပြိတ္တာမ စန်းစန်းမြင့် တို့လင်မယားနှစ်ယောက် နေထိုင်ကြလေ၏။
နတ်ပေစိ၏ အဆိုအရ ထိုနတ်အိမ်သည် ခရေပင်ကိုမှီပြီး ဖြစ်ကာ သာမာန်လူတို့ မမြင်ကြရ၊ နတ်ပေစိထက် တန်ခိုးဣိဋိပါတ်ကြီးမားသူများနှင့် နတ်ပေစိက ခွင့်ပြုထားသူများသာ မြင်တွေ့ကြရသည်ဟု သိရှိရလေသည်။ ရဲရင့်သူမှာမူ တန်ခိုးစွမ်းအားလည်း တစ်စုံတရာမရှိဘဲ၊ နတ်ပေစိကလည်း ထွေထွေထူးထူးခွင့်ပြုနေစရာမလိုဘဲ ချိန်အနည်းငယ်အတွင်းမှာပင် အနှီနတ်အိမ်အား မြင်တွေ့ကာ ဝင်ရောက်နေထိုင်နိုင်သမှုပင် ပြုနိုင်နေပြီဖြစ်လေရာ. . မိမိကိုယ် မိမိပင် အံ့သြတကြီးဖြစ်ရလေတော့၏။
အမြင့်ကြောက်သော ငှက်
နတ်မဟုတ် ဘာမဟုတ် ဘာမှန်းမသိသောဘဝဖြင့် နတ်ပေစိတို့ထံတွင် လတ်တလောနေထိုင်နေရသည်မှာ ရဲရင့်သူအတွက် လွန်စွာအဆင်ပြေလှသည်။ စားသောက်လိုသော အစားအသောက်မှန်သမျှကို အာရုံပြုလိုက်ရုံဖြင့်ရရှိလေ၏။ အစားအသောက်ကို မစားမဖြစ် မသောက်မဖြစ်လည်းမဟုတ်။ မစားသောက်ဘဲနေလိုကလည်း အဆင်ပြေလေသည်။ အပေါ့အလေးလည်း သွားစရာမလို။ ရေချိုးစရာလည်းမလို၊ ချိုးလိုသော်ကား ချိုးလို့ရ၏။ စိတ်ဆန္ဒရှိသည့်အတိုင်း အတော်ပင် နီးနီးကပ်ကပ်နေခွင့်ရသော ဘဝဟု ဆိုရပေမည်။
ထို့အပြင် နတ်ပေစိတို့လင်မယားကလည်း ရဲရင့်သူအား အထူးဧည့်သည်တော်တစ်ယောက်နှယ် အရာရာအလေးပေးပြီး ဆက်ဆံကြလေသည်။ နတ်ပေစိမှာ ရွာနတ်ဖြစ်သည့်အားလျှော်စွာ အတော်ပင်အလုပ်အားသဖြင့် ရဲရင့်သူအား ရွာရိုးကိုးပေါက် အလည်အပါတ်လိုက်ပို့လေ၏။ ဤသို့သောအချိန်များတွင် ရွာထဲရှိ အခြားနတ်များ၊ ရုက္ခစိုးများ၊ နတ်ပြိတ္တာများသည် နတ်ပေစိ၏ အရှိန်ဖြင့် ရဲရင့်သူအား ခင်မင်နှစ်လိုစွာ နှုတ်ဆက်ကြလေသည်။ ထို့ကြောင့် ရဲရင့်သူတစ်ယောက်လည်း ချော့တော်မျက်ပြေရွာ၏ လူလောကအပြင် နာနာဘာဝနတ်လောက. . လော နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်းလေ့လာကြည့်ရှုခွင့်ရခဲ့လေတော့၏။
အညာဒေသဖြစ်သောကြောင့် ချော့တော်မျက်ဖြေရွာသည် အတိုင်းအတာတစ်ခုအထိ ရေရှားပါးသည်ဟု ဆိုရပေမည်။ သုံးရေချိုးရေအဖို့ ရွာထိပ်ရေကန်ကြီးအထိ သွားရောက်ခပ်ယူကြရလေ၏။ ရွာထဲတွင် ရေတွင်းတစ်တွင်းနှစ်တွင်းရှိသော်လည်း တစ်ရွာလုံး သုံးစွဲလောက်အောင်အထိ ရေမရရှိ။ ဤလိုအပ်ချက်တစ်ခုမှလွဲ၍ ကျန်သည့်အရာတော်တော်များများ၌ ချော့တော်မျက်ဖြေရွာသည် ပြည့်စုံသာလွန်လေသည်။
ဥပမာဆိုရလျှင် ရွာသူရွာသားများသည် အေးအေးချမ်းချမ်းနေထိုင်ကြသူများ ဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦးလည်း ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး ရှိကြလေ၏။ သူစိမ်းဧည့်သည်များရောက်လာလျှင်လည်း ကြွေးချင်မွေးချင် လွန်စွာ ခင်မင်ကြလေသည်။ ဘာသာတရားလည်း ကိုင်းရှိုင်းကြကာ ရွာဦးစေတီဆိုလျှင် ရွှေရောင်တပြောင်ပြောင်ဖြင့် လွန်စွာ သပ္ပါယ်နေလေတော့၏။ ရွာဦးကျောင်းဆရာတော်ကြီးမှာလည်း ကြည်ညိုဖွယ်ရာကောင်းလှပေသည်။
သက်အောင်လည်း ရွာထဲလျှောက်လည်လိုက်၊ နတ်ပေစိနှင့်စကားဖောင်ဖွဲ့လိုက်၊ စားလိုရာ ဖန်ဆင်းစားလိုက်၊ ၎င်းအားအစဉ်သဖြင့်မကြည်မဖြူဖြစ်နေသော ချစ်စရာကောင်းသည့် မိုးစက်ဝေကို မထိခလုတ်စလိုက်၊ ပျင်းလျှင် ရွာဦးစေတီလေး၌ သွားထိုင်လိုက်ဖြင့် သစ္စာမဲ့သူချစ်သူဟောင်းကိုပင် သတိမရနိုင်အောင် ရှိလေတော့၏။
အမြင့်ကြောက်သော ငှက်
တစ်မနက်တွင် ပျင်းပျင်းရှိသည်နှင့် ရွာဦးစေတီသို့ ရဲရင့်သူထွက်ခဲ့လေသည်။ စေတီသို့ရောက်သော် သဘောကောင်းသော စေတီစောင့်ရုက္ခစိုးကြီးအား နှုတ်ဆက်၍ စေတီကိုဝတ်ပြုကာ တောင်ဘက်မုဒ်လှေခါးတွင်ထိုင်ပြီး. . .ယခုဆိုလျှင် မိမိခန္ဓာကိုယ်မည်သို့ရောက်ကာ မည်သို့ဖြစ်နေမည်နည်း၊ မိဘဆွေမျိုးမျလည်း မည်မျှ ပူပန်စိုးရိမ်နေကြမည်နည်း. .စသဖြင့် တောင်တော်အီအီ တွေးတောနေမိလေ၏။
ထိုအချိန်တွင် နတ်ပေစိရောက်လာသောကြောင့် ရဲရင့်သူလည်း နတ်ပေစိအား စိတ်ထဲရှိအတွေးအကြောင်းပြောပြကာ ခန္ဓာကိုယ်ထားရှိရာနေရာသို့ သွားရောက်ကြည့်ရှုဖို့ရန် အဆင်ပြေမပြေကိုပါ တခါတည်းအေးမြန်းလိုက်လေသည်။ ထိုအခါနတ်ပေစိက အေးအေးဆေးဆေးအမူအရာဖြင့် ရဲရင့်သူကို အောက်ပါအတိုင်းပြန်လည်ဖြေကြားလေ၏။
" ရပါတယ် ကိုယ့်ဆြာရဲ့။ ကိုယ့်ဆြာ ခန္ဓာကိုယ်က ခု ညောင်ဦးဆေးရုံမှာ။ ဟိုနေ့ကတောင် ကျုပ်သွားကြည့်ဖြစ်ခဲ့သေးတယ်။ ကျုပ်တောင် သွားကြည့်လို့ရမှတော့. .ကိုယ့်ဆြာဆိုအေးဆေးပဲ။ ပြီးတော့ အဲ့ဆေးရုံစောင့်နတ်က ကျုပ်နဲ့ခင်ပါတယ်။ သူပြောပုံအရ ကိုယ့်ဆြာ ကိုမာဆိုလားဘာလား အဲ့တာ ဝင်သွားတယ်တဲ့။ နက်ဖန်ခါလောက် မန်းလေးဆေးရုံကိုသယ်ကြလိမ့်မယ်ဆိုပဲ။ ကိုယ့်ဆြာရဲ့ မိဘတွေ ဆွေမျိုးတွေလည်းရောက်နေကြတယ်။ ပြီးတော့ မြရည်နွယ်ဆိုလား ကိုယ့်ဆြာနဲ့ရွယ်တူလောက်ရှိမယ့် ခပ်ငယ်ငယ်ခပ်လှလှ ကလေးမတစ်ယောက်လည်း ကိုယ့်ဆြာနားမှာ ရစ်သီရစ်သီ လုပ်နေလေရဲ့။ "
နတ်ပေစိ၏ ပြောစကားအရ ရဲရင့်သူ အခြေအနေအားလုံးကို သဘောပေါက်လိုက်လေသည်။ ခုလောလောဆယ်အခြေအနေမှာ လွန်စွာစိုးရိမ်စရာမလိုသေးပေ။ ခန္ဓာကိုယ်ထဲသို့ မိမိ ပြန်မဝင်မခြင်း ခန္ဓာကိုယ်ကြီးမှာ ကိုမာဝင်ကာ မေ့နေမည်ဖြစ်လေသည်။ မိဘနှစ်ပါးနှင့် ဦးလေးဖြစ်သူတို့ စိုးရိမ်ပူပန်နေကြရသည့်အတွက် ရဲရင့်သူ စိတ်မကောင်းဖြစ်မိသော်လည်း လောလောဆယ်တွင် ယခုလို ဝိဉာဉ်ဝဘဖြင့်ပင် ဆက်လက်နေထိုင်လိုသေး၏။
ဟန်ဆောင်ကောင်းပြီး မျက်ခွက်ပြောင်လှသော မိန်းမယုတ် မြရည်နွယ်၏ ဇာတ်ရုပ်မှန်ကိုလည်း လူကြီးမိဘများသိရှိအောင် ဝိဉာဏ်ဘဝဖြင့်ပင် မျက်နှာဖုံးဆွဲခွာပြရပေဦးမည်။ ထို့အပြင် မိုးစက်ဝေ ဟူသည့် ကလေးမကိုလည်း အမုန်းတရားညွှံထဲမှ ဆွဲထုတ်လိုလှသေးသည်။ ထိုကြာင့် ခန္ဓာကိုယ်ရှိရာသို့ ပြန်မသွားသေးဘဲ ချော့တော်မျက်ဖြေရွာ၌ပင် ဆက်လက်နေထိုင်ဖို့ရန် ရဲရင့်သူ ဆုံးဖြတ်လိုက်လေတော့၏။
ထို့နောက် ရဲရင့်သူ မိုးစက်ဝေအကြောင်းသတိရသွား၍ နတ်ပေစိကို ဆက်လက်မေးမြန်းလိုက်ပြန်သည်။
" ဒီမှာ ကိုနတ်ပေစိရယ်. . ဟို မိုးစက်ဝေဆိုတဲ့ကလေးမလေးက သူ့မိဘဆွေမျိုးတွေကို မြင်နေတွေ့နေရလျှက်ကယ်နဲ့ အတူတူနေထိုင်ခွင့်မရဘူးလို့ ပြောနေတယ်။ တကယ်တော့ ခု ခဗျားတို့နေတဲ့ ခရေပင်နဲ့ သူ့မိဘတွေအိမ်နဲ့က မျက်နှာချင်းဆိုင်ပဲ။ အဲ့တာ မိုးစက်ဝေကို သူ့အိမ်မှာ လက်ရှိနေနေတဲ့ အိမ်စောင့်နတ်နဲ့ နေရာခြင်းဖလှယ်ပေးလိုက်လို့မရဘူးလား။ ခဗျားက ရွာစောင့်နတ်ပဲ. .ခဗျားပြီးရင် ပြီးပါတယ်။ ကြည့်ကျက်ပြီး အကွက်ရွေ့ပေးလိုက်ပါလားဗျာ။ ကလေးမလေးသနားပါတယ် "
ရဲရင့်သူ စကားကြောင့် နတ်ပေစိတစ်ယောက် အခက်တွေ့သွားဟန်ဖြင့် အတန်ကြာအောင်တွေဝေသွားပြီး ခေတ္တကြာသောအခါမှ ၎င်း၏အခက်အခဲကို အောက်ပါအတိုင်းပြန်လည်ရှင်းပြရှာလေ၏။
" ဒီလိုရှိတယ် ဆြာသမားရဲ့. .ကျုပ်က ရာထူးအရ ဒီရွာမှာ ရွာစောင့်နတ်၊ ရာထူးအကြီးဆုံး၊ တန်ခိုးလည်းအကြီးဆုံးလို့ ဖြန်းပြီးဆိုနိုင်ပေမယ့် ကျုပ်ထက် သဘာလည်းရင့် တန်ခိုးလည်းကြီးတဲ့ နတ်ကြီးတစ်ပါးတော့ရှိနေသေးတယ်။ သူက အရင် ဒီရွာကိုတာဝန်ယူရတဲ့ ရွာစောင့်နတ်ကြီးပေါ့။ နောက်ပိုင်း ကျုပ်ရောက်လာမှ ကုဝေရ နတ်မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျုပ်ကို တာဝန်လွှဲပေးပြီး သူဘာသာသူ အေးဆေးနေနေတော့တာ။
အဲ့ဒီနတ်ကြီးနာမည်ကို အလွယ်ခေါ်ရရင် ဦးတင်ရှိန်တဲ့။ နတ်ကြီးဦးတင်ရှိန်ပေါ့။ ဦးတင်ရှိန်ဟာ ရှေးနတ်ကြီးဖြစ်တဲ့အားလျှော်စွာ တန်ခိုးလည်းကြီးသလို စည်းကမ်းလည်းအင်မတန်ကြီးတယ်။ နတ်တွေ၊ ပရလောကသားတွေ နဲ့ လူသားတွေ ရောရောနှောနှောနေတာကို သူလုံးဝမကြိုက်ဘူး။ သူ့ရဲ့ အယူအဆက မပါတ်သက်သင့်တာတွေဟာ လုံးမမပါတ်သက်တာပဲ ကောင်းတယ်တဲ့လေ။ တကယ်တော့ သူပြောတာလည်းမှန်ပါတယ်။ မပါတ်သက်သင့်တာတွေ ပါတ်သက်မိကြရင် သုခထက် ဒုက္ခ သုက္ခ နာကျင်ကြေကွဲမှုတွေကသာ ပိုများတတ်ကြတယ်မဟုတ်လား။
ဖြစ်ချင်တော့ ကလေးမလေးရဲ့ ဖခင်ဦးအောင်လှက သဘောမနောဖြောင့်မတ်ပြီး ဘာသာတရားလည်းကိုင်းရှိုင်းလေရဲ့။ ဒါကို ဦးတင်ရှိန်က သဘောကြပြီး ရွာစောင့်နတ်တာဝန်ကနေ နှုတ်ထွက်ကတည်းက အဲ့ဒီအိမ်ကနတ်ကို တခြားအိမ်ပြောင်းခိုင်းလိုက်ပြီး သူတက်နေတော့တာပဲ။ အဲ့တော့ ဦးတင်ရှိန်ကြီး နေနေတဲ့အိမ်ကို ကျုပ်လည်းဘယ်လိုအကွက်ရွေ့လို့ရပါတော့မလဲ။ ကလေးမလေးလည်း ရက်လည်ဆွမ်းသွပ်ပြီးကတည်းက အဲ့အိမ်ထဲကို ဝင်ဖို့မပြောနဲ့ အိမ်နားတောင် သီခွင့်မရတော့ဘူး။. . .ခက်တယ်. . ဟူးးး "
မှန်ပေသည်။ နတ်ပေစိ သက်ပြင်းချမည်ဆိုလျှင်လည်း ချချင်စရာပင်။ မိုးစက်ဝေ၏ ပြသနာမှာ အငိုလွယ်အရှိုက်ခဲသော အခြေအနေဖြစ်နေလေ၏။ ရဲရင့်သူလည်း ထိုပြသနာကို နောက်မှ ဖြေရှင်းမည်ဟုမှတ်လိုက်ပြီး သူမအကြောင်းသိလိုသည်များကို နတ်ပေစိအား ထပ်မံမေးမြန်းလိုက်ပြန်သည်။
" နောက်တစ်ခုကျတော်မေးဦးမယ်။ ကိုနတ်ပေစိက ရွာစောင့်နတ်ဖြစ်နေပြီး ဆိုင်ကယ်သမားတွေကို မိုးစက်ဝေ ဒုက္ခပေးနေတာကို ဘာလို့ခွင့်ပြုထားတာလည်း။ တကယ်ဆိုတားဖို့သင့်တာပေါ့ "
" အင်းးး ဒါကတော့ ဆြာသမားရယ်. .ကလေးမလေးကို သူလူဘဝ ခရေပန်းလေးတွေကောက်ပြီး နေ့တိုင်းဘုရားတင်ကတည်းက ကျုပ်က ခင်မင်နေတာဗျ။ သူအဖြစ်ဆိုးနဲ့ကြုံတဲ့နေ့မှာ နတ်အစည်းအဝေးတက်နေရလို့ ကျုပ်မရှိလိုက်ဘူး။ ကျုပ်ရှိရင် ဒီလိုဘယ်ဖြစ်မလဲ။ ကျုပ်လည်းအတော်ကိုစိတ်မကောင်းတာနဲ့ ဆိုင်ကယ်သမားတွေအပေါ်မှာ သေလောက်အောင်အထိမလုပ်ဖို့ သူ့ကိုကတိတောင်းပြီး သူစိတ်ချမ်းသာအောင် ထားလိုက်တော့တာပဲ။
နောက်တစ်ချက်က ကလေးမလေးက လူ့ဘဝ နတ်ဘဝ စသဖြင့် ဘယ်ဘဝပြန်ဝင်စားမလည်း ကျုပ်လည်းမပြောတတ်ပေမယ့် သုဂတိတစ်ဘုံဘုံမှာ ပြန်ဝင်စားဖို့ ကုသိုလ်အခံရှိနေတာကတော့ သေခြာတယ်။ ဆိုင်ကယ်သမားတွေအပေါ်ကိုထားတဲ့ သူ့ရဲ့ အငြိုးတွေ အမုန်းတွေကြောင့်သာ ခုလို တောင်မရောင်မြောက်မရောက်ဘဝမှာ လည်ခံနေတာ။ ကျုပ်အတွေးကတော့ သူ ဆိုင်ကယ်သမားတွေကို ဒုက္ခပေးလို့ဝတဲ့အချိန်ရောက်ရင် သူ့အငြိုးတွေပြေသွားပြီး လွတ်ရာကျွတ်ရာမြန်းရောက်နိုင်မလားလို့ပေါ့နော်။ ဒါ့ကြောင့် ကျုပ်လည်း သူ့ကိုစောင့်ကြည့်ရင်း ဒီအတိုင်းလွှတ်ပေးထားခဲ့တာ။
ဒါပေမယ့် ကိုယ့်ဆြာ ဆိုင်ကယ်မောင်းလာချိန်မှာတော့ ပြသနာမရှာဖို့ သူ့ကိုကျုပ်တားပါသေးတယ်။ ဒါပေမယ့် သူက ဇွတ်ထွက်သွားပြီး လုပ်ချလိုက်တာ ကျုပ်တားလို့မမှီလိုက်ဘူး။ အဖြစ်အပျက်တွေက အရမ်းမြန်တယ်လေ။ ကျုပ်က ဆြာသမားရဲ့ ကိုယ်ကထွက်နေတဲ့ ကိုယ်ရောင်ကိုယ်ဝါကို ခံစားလို့ရပြီးသား၊ ဒါကြောင့် သူ့ကိုတားတာ။ တားမရတော့ ဆြာလေးလည်း ဒီဘဝရောက်၊ သူလည်း ဒုက္ခတွေ့တော့တာပဲ။ ဒါတောင် တော်သေးလို့. .ဆြာလေးက သဘောကောင်းတဲ့သူမို့ သူ့ကို မြန်မြန်ခွင့်လွှတ်ပေးလိုက်လို့ သူသက်သာရာရသွားတာ ၊ မဟုတ်ရင် လွယ်တောင်မလွယ်ဘူး "
ရဲ့ရင့်သူနှင့် နတ်ပေစိတို့ အပြန်အလှန်စကားကောင်းနေကြစဉ် ဆူဆူညံညံအသံများ နားထဲသို့ ဝင်လာလေသည်။ အသံလာရာသို့ လှမ်းကြည့်လိုက်လေရာ ဖလူးဖမ်းဖမ်း ထွက်ပြေးနေသည့် မိုးစက်ဝေ၏နောက်သို့ ပုံပမ်းမကျနသည့် ကုလယ်ဒိန်နှစ်ယောက် မြင်းကိုယ်စီဖြင့် လိုက်နေသည်ကို တွေ့ကြရလေ၏။
ရဲရင့်သူတို့ကိုမြင်သောအခါ မိုးစက်ဝေက အားကိုးတကြီးပြေးလာပြီး နတ်ပေစိနောက်တွင် ဝင်ပုန်းလေသည်။ နတ်ပေစိမှာလည်း မျက်နှာမကောင်းလှ။
" အဲ့နှစ်ကောင်က ဘယ်သူတွေလည်းဗျ "
" ကိုယ်တော်ကြီး ကိုယ်တော်လေး "
ရဲရင့်သူ နတ်ပေစိကို လှည့်မေးနေဆဲမှာပင် အနှီနှစ်ယောက်က အနားသို့ရောက်လာကာ မြင်းပေါ်မှဆင်းကြလေ၏။
" ကောင်မလေးကို တို့လက်ထဲအပ်.... "
ဆက်ရန်
အမြင့်ကြောက်သော ငှက်
ကျေးဇူးတင်ပါတယ်
Comments
Post a Comment